Saturday, February 16, 2008

ချင်းပြည်နယ်သို့ အလည်တစ်ခေါက်

ကျွန်တော်လည်း ဘယ်သွားလို့ဘယ်လာရမှန်းမသိတာနဲ့ ဦးလေးတစ်ယောက်ရှိတဲ့ ချင်းတောင် ကိုသွားလည်ပါ တယ်။ ပခုက္ကူ ကနေ (၄၈)မိုင်ဝေးတဲ့ပေါက်မြို့လေးတစ်မြို့ပေါ့ ၊ အဲဒီကနေမှ တစ်ဆင့် ပုံတောင် ပုံညာတောင်တန်းနှစ်ခု ကိုဖြတ်ပြီးမှ ကျောက်ထု ဆိုတဲ့ ယောမြို့ ကိုရောက်တယ်။ အဲဒီတုန်းက ယောဘုရားပွဲတောင်ဝင်လည်ဖြစ်လိုက် သေး တယ်။

ကျွန်တော်လည်း ကြားဘဲကြားဖူးတာ ။ မရောက်ဖူးတော့ ပျော်တာပေါ့။ ယောဒေသ က စုန်းတတ်တယ်။ ဘာတတ် တယ် စသဖြင့်ပေါ့။ ပြောကြဆိုကြတာ။ ကားကြုံလိုက်လာတဲ့ကျောင်းဆရာမလေးတစ်ယောက်က သူတို့ရွာမှာ ဘုရားပွဲလုပ်တာဆိုတော့ လိုက်ကြည့်ရင်းနဲ့ အလည်ခေါ်တော့ သွားဖြစ်တာပေါ့။ နောက်မှ သတိရတယ်။ ဖျာကပ် အောင်လုပ်တတ်တယ်၊ အပင်းခတ်တတ်တယ်ဆိုတာကို သတိရပြီးအင်တင်တင်လုပ်နေကြတာ။ နောက်တော့ ဆရာမလေးက ရိပ်မိတယ်နဲ့တူတယ်။ စားကြပါ....စားကြပါ ဘာမှ မပါပါဘူး။ မကြောက်ကြပါနဲ့လို့ ပြောမှာ စားဖြစ်တော့တယ်။ ကောင်းတယ်ဗျ။
ကျောက်ထု ကနေမှ ၁၈ မိုင်လောက်ဝေးတဲ့ မင်းတပ်မြို့ကို ရောက်တယ်။ မင်းတပ်မရောက်ခင်ကားလမ်းဘေး တွေမှာ လှလိုက်တဲ့ထင်းရှုးပင်တွေ တစ်သီချည်းဘဲ။ ကျောက်ထု ကို ကျော်ပြီး (၇)မိုင်လောက်ဘဲ ရှိမယ် အေး ခနဲ ဖြစ်သွားတာ။ ဘေးကတစ်ယောက်က ချင်းပြည်နယ်ထဲဝင်ပြီတဲ့။ ဟုတ်ပါတယ်....သိပ်မကြာပါဘူး။ချင်းပြည်နယ်မှ ကြိုဆိုပါ၏ ဆိုတဲ့ ကျောက်တိုင်နဲ့ အတူ ချင်းပြည်နယ်ရဲသင်္ကေတ ဖြစ်တဲ့ အောက်ချင်းငှက်နဲ့ တောင်ဇလပ်ပန်း တွေကို တွေ့လိုက်ရတယ်။ မင်းတပ်ကိုလည်းရောက်ရော... ပင်လယ်ရေမျက်နှာပြင် အထက် ၄၈၆၀ ပေ ဆိုတဲ့ အမှတ်အသားကိုလည်းတွေ့လိုက်ရတယ်။ ကြည်နူးဖို့ကောင်းတာက မင်းတပ်မြို့ပေါ်ကကြည့်လိုက်ရင် မြွေလိမ် မြွေကောက် စီးနေတဲ့ ချေ ချောင်းနဲ့ ကားလမ်းတွေပါဘဲ။ စိမ်းစိုတဲ့ တောင်တန်းတွေ။ မင်းတပ်မြို့ကနေကြည့် လိုက်လို့မြင်ရတဲ့ ခေါနုသုမ် တောင် (ခ)၀ိတိုရိယ တောင်ကိုလည်း မြင်နိုင်သေးတယ်။ဆောက်လုပ်ရေးဗိုလ်တဲကို
ရောက်ရောက်ချင်းအထုပ်တွေ အပိုးတွေ ချပြီး...ဖင်တကြွကြွနဲ့ ရေချိုးမယ် လုပ်နေတာ။ မချိုးဖို့ တားတဲ့သူက တားတယ်။ ချိုးချင်ချိုးလေ ပြောတဲ့သူက ပြောတယ်။ ချိုးလည်းချိုးလိုက်ရော... အောင်မယ်လေး... ကိုင်းမှတ်ဦးဟ
ချိုးချင်တယ်ဆိုတဲ့ကောင်.........နားတွေပါကိုက်ခဲလာတယ်။အညာဆောင်းထက်တောင်အေးတာ။ နောက်နေ့ မနက်ကြတော့ မင်းတပ်မြို့ထိပ်က ခေါက်ဆွဲဆိုင်မှာခေါက်ဆွဲသွားစားတာ။ မပြောမရှိနဲ့နော် `ရှမ်း` ခေါက်ဆွဲ စားတာ။ တကယ်ကောင်းတယ်ဗျာ။ ရှမ်းလူမျိုးတွေသုပ်သလားအောက်မေ့ရတယ်။
ကျွန်တော်ကတော့ ရောက်တဲ့နေရာတိုင်း အမြဲလိုလို အရှက်ကွဲတဲ့ကောင်...
ဆောက်လုပ်ရေးဝင်းထဲက အစ်ကိုကြီးတွေက ညီလေး လာ ဟိုတောင်ပေါ် သွားမယ် လိုက်ခဲ့ဆိုတာနဲ့ လိုက်သွား တာ ။ မကြာပါဘူး ချင်းအဖိုးကြီးတစ်ယောက် ဒူးလေးတစ်လက်နဲ့ တောင်ကြားလမ်းကနေ တက်လာတာ
အစ်ကိုကြီးကျွန်တော်ချင်းလိုနှုတ်ဆက်ချင်တယ်ဗျာ။ ချင်းလိုမင်္ဂလာပါ လို့ဘယ်လိုပြောရလည်းဆိုတော့............. နနူးရူနပါးရာမ်း တဲ့ ။ အာ အိုခေ ပေါ့။
တောင်ကမူတစ်ခုပေါ်တက်ပြီးတော့ ဟေးး.....
နနူးရူနပါးရာမ်း ဆိုတဲ့ ခေါ်တာ (၅)ကြိမ်(၆)ကြိမ် မက ပါဘဲ။ဟီးးးးးးးး
မင်္ဂလာပါပေါ့။ချင်းလို နှုတ်ဆက်တာပေါ့ အဟော့...ပြန်များနှုတ်ဆက်မလားလို့
ဘယ်ဟုတ်မလဲ॥အဲဒီအဖိုးကြီးက ဒူးလေး ကြီး စွဲ ပြီး ကျွန်တော့်ကို ဆော်ထည့်မလို့ ပြင်နေပြီ॥ကျွန်တော်က လည်း တာတိုတွေ ဘာတွေပြေးတာ မြန်တယ်ပြောကြတယ်။
တောင်အောက်ကို တန်းနေတာဘဲ။နောက်တော့မှ ဘာလဲဆိုတာ သိတော့တယ်။ ကျွန်တော့်လိုဖြစ်ချင်ရင် ကျွန်တော့်လိုပြေးနိုင်အောင်လုပ်။
အဲဒီ `
နနူးရူနပါးရာမ်း ` ဆိုတဲ့စကားလုံးကိုတော့ ချင်းတိုင်းရင်းသားတွေကို မေးကြည့်ပါ။ ဟဲဟဲ။။ ဝေးဝေးက မေး နော်။
ပြီးတော့ မင်းတပ်တစ်ခွင်ပြဲပြဲစင် လျှောက် လည်ပြီးတဲ့နောက်ပိုင်းမှာ နေ့ခင်းထမင်းလွတ်လာတယ်။ ပြန်လာရင် စားဖိုဆောင်ကအဖွဲ့တွေက သော့ခတ်ပြီးလစ်ပြီ။ နီးနီးနားနား လည်း ဘာဆိုင်မှ မရှိဘူး။အဲဒါနဲ့ စစ်သားတစ် ယောက်ကို တွေ့တယ်။ ကျွန်တော့်ကိလည်း သူက မှတ်မိနေတယ်။ ကျွန်တော်အကြံရသွားတယ်။သူထိုင်နေတုန်း အစ်ကိုကြီး....ကျွန်တော့်ကို အဲဒီမုန့်ထုပ်လေးခဏ ကျွေးပါလား ကျွန်တော် စားဖိုဆောင်က အဖွဲ့တွေလာရင် ပြန်ပေးပါ့မယ်။ သော့ခတ်ထားလို့ပါလို့ ပြောတော့ အဲဒီစစ်သား လည်း တော်တော်ကြောင်သွားတယ်။
ဘယ်ဟာလည်း ညီလေး။ အစ်ကို့မှာမုန့်မပါဘူးကွ။ တစ်ကယ်ပြောတာ။
ကျွန်တော်လည်း ဒါလေး ဒါလေးလေ လို့ပြောတော့ ရီလိုက်တာမပြောနဲ့။
နောက်မှ သူပြောပြလို့သိရတာ....အဲဒါဆေးပတ်တီးတဲ့။ သူတို့ဆေးပတ်တီးကလည်း ကျိက္ကဆံဘီစကွက်နဲ့တူတာ ကိုးဗျ.....

No comments: